စစ်အုပ်ချုပ်ရေးမှ ကူးပြောင်းရာလမ်း – မြန်မာအတွက် လေ့လာစရာများ
စစ်အုပ်ချုပ်ရေးမှ ကူးပြောင်းရာလမ်း – မြန်မာအတွက် လေ့လာစရာများ (၃)
ဇိုလ်တန် ဘာရာနီ| June 20, 2015 | Hits:561
6 | | Share on google_plusone_shareShare on facebookShare on twitter
စစ်တပ်, ဒီမိုကရေစီ
အင်ဒိုနီးရှား သမ္မတဟောင်း မေဃာဝတီ ဆူကာနိုပူထရီ (ဓာတ်ပုံ – Idzsn)
အင်ဒိုနီးရှားက အားကျစရာလည်း ကောင်း၊ အံအားသင့်စရာလည်း ကောင်း
အာရှစီးပွားရေး အကျပ်အတည်းရဲ့ အကျိုးဆက်တွေနဲ့ ၃၃ နှစ်ကြာ ဆူဟာတိုအစိုးရ လက်ထက်အတွင်း အမြစ်တွယ်ခဲ့တဲ့ အကျင့်ပျက် ခြစားမှုတွေ ပေါင်းဆုံသွားတဲ့အခါ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကြီးမားတဲ့ လူထုဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြပွဲတွေက အဓိကရုဏ်းတွေ အဖြစ်ဆီ ကူးပြောင်းသွားခဲ့ပြီး မြို့တော်ကြီး ဂျကာတာ တခုတည်းမှာတင် လူပေါင်း တထောင်ကျော် သေဆုံးခဲ့ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ စစ်ဖက် ခေါင်းဆောင်တွေအကြား ကာလကြာမြင့်စွာ စေ့စပ်ညှိနှိုင်းပြီးမှာတော့ သမ္မတဆူဟာတို မေလမှာ နှုတ်ထွက်သွားခဲ့ပြီး ဒု သမ္မတ ဘာချာရူဒင် ဂျူဆက်ဖ် ဟာဘီဘီက သမ္မတအဖြစ် ဆက်ခံခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ် ဇွန်လမှာတော့ ဆယ်စုနှစ် ၄ ခုအတွင်း ပထမဆုံးအကြိမ် လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ နောက် ၃ လအကြာမှာတော့ ဥပဒေပြု လွှတ်တော်အသစ်က အရပ်သားသမ္မတ အဗ္ဗဒူရာမင်ဝါဟစ် (၁၉၉၉ ကနေ ၂၀၀၁) ကို တင်မြောက်ခဲ့ပါတယ်။
ဆူဟာတိုနောက်ပိုင်း တက်လာတဲ့ သမ္မတတွေက စစ်ဖက်အရပ်ဖက် ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အနည်းနဲ့အများ ဆိုသလို စိတ်ဝင်စားကြပါတယ်။ စိတ်ဝင်စားမှု အတိုင်းအတာ ဘယ်လောက်ပဲ ကွာခြားသည်ဖြစ်စေ တူတာတခုကတော့ အဲဒီလို ပြုပြင်ပြောင်းလဲနိုင်ဖို့ ကြိုးစားရာမှာ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ကြား ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်မှုကို အလွန်အမင်း အားကိုးပြီး ပြုပြင်ပြောင်းလဲရေး တာဝန်အများစုကို ဗိုလ်ချုပ်ကြီးတွေ လက်ထဲ လွှဲထားခဲ့တာပါ။ အင်ဒိုနီးရှား ကာကွယ်ရေးဌာန ပြုပြင်ပြောင်းလဲမှုမှာ အရပ်သားတွေ ပါဝင်တာ အရမ်းနည်းပါးနေလို့ ပြစ်တင်ရှုံ့ချ ချင်သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကျပြီး လက်ဝင်တဲ့ စစ်တပ် ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင် မပတ်သက်တာက အမြော်အမြင်ရှိတဲ့ လုပ်ရပ်ပဲလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ အပြောင်းအလဲတွေကို ချမှတ်ပြီး အကောင်အထည်ဖော်တဲ့ တာဝန်ကို ဗိုလ်ချုပ်ကြီးတွေကိုသာ ပေးအပ်လိုက်မယ် ခွင့်ပြုလိုက်မယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေက “ငါတို့နဲ့ သက်ဆိုင်တယ်” ဆိုတဲ့စိတ် ဗိုလ်ချုပ်ကြီးရင်ထဲ ရောက်သွားမှာဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း လေးစားလိုက်နာတော့မှာပါ။ ဒါပေမယ့် အဲဒီလို ခွင့်ပြုလိုက်မယ် ဆိုရင်တောင် တပ်တွင်း ပြုပြင်ပြောင်းလဲမှုတွေက ကျယ်ပြန့်တဲ့ နိုင်ငံရေး အတက်အကျတွေကို ထင်ဟပ်နေမှာ ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က တဖြောင့်တည်း တန်းတန်းမတ်မတ် မသွားမှာတော့ သေချာပါတယ်။
၁၇ လ ကြာခဲ့တဲ့ သမ္မတ ဟာဘီဘီ သက်တမ်းအတွင်းမှာ စစ်ဖက်အရပ်ဖက် ဆက်ဆံရေးတွေက တော်တော်လေး ပြောင်းလဲခဲ့ပါတယ်။ စစ်တပ်ကို နိုင်ငံရေး ကင်းရှင်းအောင်နဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍကို ပြန်လည် သတ်မှတ်ဖို့ဆိုပြီး ဆုံးဖြတ်ခဲ့တာက ကာကွယ်ရေးဦးစီးချုပ် ၀ီရန်တိုနဲ့ တခြား စစ်ဖက်ခေါင်းဆောင်တွေပါ။ အဆိုပါ ဗိုလ်ချုပ်ကြီးတွေ တခြား စစ်ဖက် ခေါင်းဆောင်တွေနဲ့ ဟာဘီဘီမှာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိတာကြောင့် ပြုပြင်ပြောင်းလဲမှုတွေကို စစ်တပ် လက်ခံလာအောင် လုပ်ရာမှာ လွယ်ကူခဲ့ပါတယ်။ အဲဒီအထဲမှာ အရေးအကြီးဆုံးနဲ့ အထင်ရှားဆုံးကတော့ စစ်တပ်နဲ့ ရဲကို တသီးတခြားစီ ဖြစ်အောင် ခွဲထုတ်လိုက်ခြင်း၊ တာဝန်ထမ်းဆောင်ဆဲ ယူနီဖောင်းဝတ် စစ်သားတွေကို အရပ်ဖက်ရာထူး နေရာတွေမှာ ရာထူတိုး ခန့်အပ်နေခြင်းကို အဆုံးသတ်လိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီထက် ပိုယေဘူယျကျတဲ့ အပြောင်းအလဲကတော့ နိုင်ငံရေးအပေါ် စစ်တပ် သြဇာလွှမ်းမိုးမှုကို အကြီးအကျယ် “ချုံ” နိုင်ခြင်းပါပဲ။ ဒါ့အပြင် စစ်သားတွေကို ပေးထားတဲ့ လွှတ်တော်အမတ် နေရာတွေကို လျှော့ချ ဖြတ်တောက်ခဲ့ပါတယ်၊ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ဗိုလ်ချုပ်ကြီးတွေက တောင်းပန်စကားဆိုခဲ့ပါတယ်၊ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အရာရှိတွေ အတော်များများကို ဖြုတ်ပစ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ စစ်တပ်အမည်ကို အင်ဒိုနီးရှားသမ္မတနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့များ (ABRI) ဆိုတာကနေ အင်ဒိုနီးရှားနိုင်ငံလုံး ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များ (TNI) လို့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေးအရ အရေးကြီးတဲ့ အချက်ပြမှုအနေနဲ့ အင်ဒိုနီးရှားစစ်တပ်က နိုင်ငံရေးမှာ ကြားနေမယ် ဆိုတာကိုလည်း ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေက ကြေညာခဲ့ပါသေးတယ်။
အဲဒီနောက် တက်လာတဲ့ သမ္မတ၀ါဟစ် လက်ထက်မှာဆိုရင် အင်ဒိုစစ်တပ်ရဲ့ အနေအထားက ပိုပြီးတော့တောင် အားနည်းခဲ့ပါသေးတယ်။ ကာကွယ်ရေးဝန်ကြီး နေရာအတွက် အရပ်သားတယောက်ကို ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး စိတ်ရှိသူ စစ်တပ်ခေါင်းဆောင်တွေကို ထိပ်တန်းရာထူးတွေ ပေးအပ်ခဲ့ပါတယ်။ လူ့အခွင့်ရေး ချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ အရာရှိတွေကို တရားစွဲမှုအပေါ် ထောက်ခံ အားပေးခဲ့ပါတယ်။ အမှန်တကယ်ဆိုရင် ၀ါဟစ်ရဲ့ သမ္မတ သက်တမ်းက အခုထက် ပိုရှည်ခဲ့ရမှာ ဖြစ်ပေမဲ့ စစ်တပ်ရာထူးတိုး ကိစ္စတွေမှာ အဆက်မပြတ် ၀င်ရောက် စွက်ဖက်တာတွေ လုပ်ခဲ့တာက သူ့ရဲ့အဆိုးဝါးဆုံး အမှားဖြစ်သွားခဲ့ပြီး သမ္မတသက်တမ်း တိုတောင်းခဲ့ပါတယ်။ (ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင် လုပ်မိတဲ့ နိုင်ငံရေး ခန့်မှန်းတွက်ချက်မှု အမှားမျိုးပါပဲ)။ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ၀ါဟစ်ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ စစ်ဖက်အရပ်ဖက် ဆက်ဆံရေးက နောက်တလှမ်း ပြန်ဆုတ်ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်။ အကြောင်းကတော့ စစ်တပ်အတွင်းရေး ကိစ္စတွေမှာ သူ ၀င်ရောက် စွက်ဖက်တာကြောင့် ဆုံးရှုံးထားတဲ့ နိုင်ငံရေးသြဇာ လွှမ်းမိုးမှုကို ပြန်လည်ရယူဖို့ ဗိုလ်ချုပ်ကြီးတွေအတွက် အခွင့်အလမ်း တွေ့သွားပါတော့တယ်။
ဝါဟစ် ပြီးတော့ သမ္မတအဖြစ် တက်လာတဲ့ မေဃာဝတီ ဆူကာနိုပူထရီ (၂၀၀၁-၂၀၀၄) က အင်ဒိုနီးရှားနိုင်ငံကို တည်ထောင်သူ ဖခင်ကြီး ဆူကာနိုရဲ့ သမီးပါ။ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရရေး အတွက် ဗိုလ်ချုပ်ကြီးတွေ အကူအညီကို ရယူခဲ့ရလို့ ဗိုလ်ချုပ်ကြီးတွေ ကျေးဇူးနဲ့ အကြီးအကျယ် မကင်းသူ ဖြစ်နေပါတယ်။ အဲဒီအတွက် အပြန်အလှန် အနေနဲ့ သူက ဗိုလ်ချုပ်ကြီးတွေ အားကိုးနိုင်တဲ့ “သမ္မတအိမ်တော်အတွင်းက စစ်တပ်မိတ်ဆွေ” တယောက် ဖြစ်သွားပါတော့တယ်။ အငြိမ်းစား စစ်တပ်အရာရှိတွေ (သူတို့ထဲမှာ အများက ပြုပြင်ပြောင်းလဲရေးကို မယုံကြည်ကြပါ) ကို အစိုးရအဖွဲ့ထဲမှာ အရေးကြီးတဲ့ ရာထူးနေရာတွေ ပေးခြင်းအားဖြင့် ချီးမြှင့် မြှောက်စားခဲ့ပါတယ်။
စစ်တပ် အရာရှိဟောင်းတွေကို ရာထူးပေးခန့်အပ်တဲ့အထဲမှာ အရေးအကြီးဆုံး လုပ်ဆောင်ချက်ကတော့ ဆူဆီလိုဘန်ဘမ်း ယူဒိုရိုနိုကို ခန့်အပ်ခြင်း ဖြစ်နိုင်ပါတယ်။ ယူဒိုရိုနိုဆိုတာကတော့ စစ်တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ တာဝန်ယူခဲ့ပြီး ပြုပြင်ပြောင်းလဲရေး အုပ်စုထဲမှာ ပါဝင်ပါတယ်။ အစိုးရအဖွဲ့ထဲမှာတော့ လုံခြုံရေးနဲ့ နိုင်ငံရေးရာ ပူပေါင်းညှိနှိုင်းရေး ၀န်ကြီးအဖြစ် ပြည်တွင်းတည်ငြိမ်မှု ရှိရေးနဲ့ စစ်ဖက်အပေါ် အရပ်သား ထိန်းချုပ်မှု ခိုင်မာ မြဲမြံရေးကိုလည်း တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။ ကာကွယ်ရေး ၀န်ကြီးဌာန ဆိုတာကတော့ အစိုးရအဖွဲ့နဲ့ စစ်တပ်အကြား အဓိကကျတဲ့ အင်စတီကျူးရှင်း အချိတ်အဆက်တခု ဖြစ်ပါတယ်။ မေဃာဝတီ လက်ထက်မှာတော့ ကာကွယ်ရေး ၀န်ကြီးဌာန လုပ်ပိုင်ခွင့်အာဏာတွေကို လျှော့ချခဲ့ပြီး စစ်တပ် ခေါင်းဆောင်ပိုင်းတွေနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးကျွမ်းဝင်မှုကို ပိုပြီး အားကိုးအားထားပြုခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်တာအပြင် စစ်တပ် ခေါင်းဆောင်ပိုင်းတွေ အတွက် နိုင်ငံရေးမှာ နေရာပေးတာ၊ တခြား အင်စတီကျူးရှင်းတွေမှာ ခန့်အပ်ပေးတာ လုပ်ခြင်းဖြင့် အင်ဒိုနီးရှား စစ်တပ်အပေါ် အရပ်သားထိန်းချုပ်မှုကို သိသိသာသာ လျော့နည်း ကျဆင်းသွားစေခဲ့ပြီး စစ်တပ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေလည်း မြင့်တက်လာပါတော့တယ်။
ယူဒိုရိုနိုကို စစ်ဖက်ထိပ်တန်း ခေါင်းဆောင်တွေက မနှစ်သက်ကြပါ။ အဲဒီလို မနှစ်သက်တာကြောင့်လည်း မေဃာဝတီ ပြီးတဲ့နောက် သူ့ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရစေဖို့ အထောက်အကူ ဖြစ်သွားစေနိုင်ခဲ့ပါတယ်။ စစ်တပ်နဲ့ ပတ်သက်လာရင် သူ့ရဲ့ရပ်တည်ချက်က အားနည်းနေတာကြောင့် သူတာဝန်ယူခဲ့တဲ့ သမ္မတသက်တမ်း (၂၀၀၄-၂၀၁၄) အတွင်းမှာ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ စစ်တပ်ကို ပြောပလောက်အောင် ကြီးကြီးမားမား ပြုပြင်ပြောင်းလဲ နိုင်ခဲ့တာမရှိပါ။ ဒါပေမယ့် အင်ဒိုနီးရှား အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး အရည်အသွေးတွေကတော့ ထင်ထင်ရှားရှားကြီးကို တိုးတက် လာခဲ့ပါတယ်။ ယူဒိုရိုနိုလက်ထက်မှာ စစ်တပ်ဘတ်ဂျတ်ကို အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီက အပြည့်အ၀ စောင့်ကြည့်ထိန်းချုပ်တာ မလုပ်နိုင်သေးဘူး ဆိုပေမယ့် လွှတ်တော်အသံက ပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။
ကာကွယ်ရေး-လုံခြုံရေး ကိစ္စရပ်တွေကို အများပြည်သူရှေ့ ဆွေးနွေးနိုင်အောင် လမ်းဖွင့်ပေးတဲ့ NGO တွေနဲ့ အစိုးရ ပညာရှင်အဖွဲ့တွေ ပေါ်ထွက်လာပြီး စစ်တပ်အပေါ် ဝေဖန်တဲ့သဘောမျိုး မျက်စိဒေါက်ထောက် ကြည့်နိုင်ခဲ့ပါတယ်။ အဲဒီလို အနေအထားမျိုး ရှိထားတာတောင်မှပဲ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေမှာ နားလည်တတ်ကျွမ်းတဲ့ လွှတ်တော် အမတ်တွေကို တိုင်ပင်ဆွေးနွေးပြီး ဥပဒေပြု လွှတ်တော်က စစ်တပ်အပေါ် အသာစီးရယူခဲ့တာမျိုး မရှိဘူးလို့ ယေဘူယျကျကျ ပြောနိုင်ပါတယ်။ စစ်တပ်ရယူထားတဲ့ နိုင်ငံရေးအရ အထူးအခွင့်အရေးတွေကို ယူဒိုရိုနို သမ္မတ ဖြစ်နေစဉ်အတွင်းမှာ နောက်ထပ်ပြန်ပြီး ထိန်းချုပ်လိုက်နိုင်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရတာ မဟုတ်တဲ့ စစ်အရာရှိတွေက ပါလီမန် အမတ်ရာထူးတွေ မယူနိုင်တော့ပါ။ တာာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိတွေကို သံအမတ်ကြီးတွေအဖြစ် မခန့်အပ်တော့ပါ။ စစ်ခုံရုံးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို နိုင်ငံတော်တရားရုံးချုပ်ထက် တဆင့်နိမ့်အောင် လျှော့ချလိုက်ပါတယ်။
ဒါပေမယ့် ယူဒိုရိုနိုက အင်ဒိုနီးရှား စစ်သားတွေရဲ့ အခြေအနေကို တိုးတက်အောင် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ အဖိုးတန် အဆင့်မြင့် လက်နက်တွေကို အင်ဒိုနီးရှား တပ်မတော်အတွက် ၀ယ်ပေးနိုင်ခဲ့ပါတယ်။ တပ်တွင်း ထိပ်တန်းရာထူးတွေကို ခန့်အပ်တဲ့နေရာမှာ ၀င်မစွက်ဘဲ လက်ရှောင်နေခြင်းဖြင့် စစ်တပ်ထိပ်တန်း ခေါင်းဆောင်တွေအတွင်းမှာ အုပ်စုကွဲတွေ ဖြစ်နေတာကို နည်းပါးသွားအောင် စေ့စပ်ညှိနှိုင်းပေးခဲ့ပါတယ်။ မေဃာဝတီ လက်ထက်မှာ လျှို့ဝှက်ဖုံးကွယ်ထားခဲ့ရတဲ့ တပ်ဖက်ဆိုင်ရာ ကိစ္စတွေက ယူဒိုရိုနိုလက်ထက်မှာ ပွင့်လင်းမြင်သာလာခဲ့ပါတယ်။
အင်ဒိုနီးရှား တပ်တွင်းနိုင်ငံရေး ကိစ္စတွေကို ဒီမိုကရေစီ ဆန်သွားအောင် အများကြီး လုပ်ပေးနိုင်ခဲ့တယ် ဆိုပေမယ့် ပြဿနာတွေတော့ အများကြီး ကျန်နေဆဲပါ။ အင်ဒိုနီးရှား စစ်တပ်အကြီးအကဲက သမ္မတကို တိုက်ရိုက် တာဝန်ခံနေရပြီး ကာကွယ်ရေးဝန်ကြီးကို တာဝန်ခံနေစရာ မလိုပါ။ ကာကွယ်ရေး ၀န်ကြီးဌာနကိုလည်း စစ်သားအရာရှိတွေနဲ့ အဓိကအများစု ဖွဲ့စည်းထားပြီး အရပ်သားတွေပါတာ အရမ်းနည်းနေပါတယ်။ နိုင်ငံတော်လုံခြုံရေး မူဝါဒကို ရေးဆွဲချမှတ်ရာမှာ စစ်ဖက် ထိပ်တန်းခေါင်းဆောင်တွေက အဓိက အခန်းကဏ္ဍကို ရယူထားဆဲပါ။ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မေးမြန်း အရေးယူနိုင်ခြင်းမရှိဘဲ လွှတ်ပေးထားရတဲ့ စစ်တပ် အရာရှိတွေလည်း အများကြီး ရှိနေဆဲပါပဲ။ အကြီးမားဆုံး ပြဿနာကတော့ နိုင်ငံလုံးအဆင့် စီးပွားရေးမှာ စစ်တပ်က စဉ်ဆက်မပြတ် ပါဝင် ပတ်သက်နေမှုပါ။ အဲဒီလို ပါဝင်ပတ်သက်နေတာကြောင့် ရွာတွေ၊ မြို့တွေ၊ ခရိုင်တွေအဆင့်အထိ ၎င်းရဲ့သြဇာလွှမ်းမိုးမှုက အဓွန့်ရှည်နေပါတော့တယ်။
နိုင်ငံရေး စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေက ဆူဟာတိုအလွန် နိုင်ငံရေး အသွင်ကူးပြောင်းမှု အစပိုင်းရဲ့ အဓိက သွင်ပြင်လက္ခဏာတခုလို့ ပြောနိုင်ပါတယ်။ စစ်တပ်ဆိုတာ အင်ဒိုနီးရှားနိုင်ငံရေးမှာ အစဉ်အလာအရကို အရေးအကြီးဆုံး ဇတ်ကောင်တယောက်ပါ။ အဲဒီလိုမျိုး အရေးကြီးတဲ့ အင်ဒိုနီးရှားစစ်တပ်ကို အလျှော့ပေး လိုက်လျောရတာတွေက ဒီမိုကရေစီ ဖော်ဆောင်ရေး ဖြစ်စဉ် နောက်ကြောင်း ပြန်လှည့်မသွားအောင် လုပ်ပေးခဲ့ရတာလို့ အသိအမှတ် ပြုပေးရမှာ ဖြစ်ပါတယ်။ စစ်တပ် ဘတ်ဂျက်ကိုလည်း လျှော့ချထားမယ်၊ တချိန်တည်းမှာပဲ စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည်း ကန့်သတ်တားမြစ် လိုက်မယ်ဆိုရင်တော့ စစ်သားတွေရဲ့ ထမင်းအိုးကို ဆွဲလုလိုက်သလို ဖြစ်သွားတော့မှာပါ။
နိုင်ငံရေးမှာ စစ်တပ် ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍကို အကြီးအကျယ် လျှော့ချဖို့နဲ့ ယူထားတဲ့ အထူး အခွင့်အရေးတွေကို လက်လွှတ်လိုက်ဖို့ကို အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးတွေက သဘောတူခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်နဲ့ အကျိုးအမြတ်တွေကို ဆုံးရှုံးသွားချိန်မှာ ကန့်ကွက်ဆန္ဒပြတာ ဒါမှမဟုတ် တပ်တွင်း ပုန်ကန်တာ တွေမလုပ်ဘဲ ငြိမ်ခံနေဖို့ ဆိုတာကျတော့လည်း အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးတွေအတွက် တော်တော် ခက်ခဲခဲ့မှာပါ။ တကယ်လို့သာ အဲဒီလို ကန့်ကွက်ဆန္ဒပြတာ၊ တပ်တွင်း ပုန်ကန်တာ တွေလုပ်လာရင်တော့ နုနယ်လှတဲ့ အင်ဒိုနီးရှား ဒီမိုကရေစီလည်း ဆက်လက် ရှင်သန်နိုင်မယ် မဟုတ်တော့ပါ။ အခုလက်ရှိ နိုင်ငံရေးအနေအထားကို စစ်တပ် ခေါင်းဆောင်ပိုင်းကလည်း ကျေနပ်နေပုံပါပဲ။ ဒါပေမယ့် စစ်သားတွေနဲ့ အရပ်သားတွေကြား ဆက်ဆံရေးမှာ ငြိမ်းချမ်းပြီး အဆင်ပြေနေတာရဲ့ အကြောင်းရင်းခံက လုပ်ပိုင်ခွင့် အကြောင်းပြုပြီး စီးပွားရှာခွင့်ကို စစ်သားတွေအတွက် ဆက်ပြီး ပေးထားတာကြောင့်ပါ။ အရင်က ပေးထားသလောက်တော့ မများတော့ဘူးလို့ ဆိုနိုင်ပါတယ်။ စစ်တပ်ကို စီးပွားရေး လောကထဲကနေ ထွက်သွားအောင် ဖိအားပေးဖို့ သင့်တော်တဲ့ အချိန်ကတော့ စစ်တပ်အနေနဲ့ ပြင်ပ၀င်ငွေ လမ်းကြောင်းတွေကို မှီခိုနေစရာမလိုဘဲ ကာကွယ်ရေးဘတ်ဂျတ် တခုတည်းအပေါ် မှီခိုအားထားနိုင်တဲ့ အချိန်ပါပဲ။
အားလုံးကို ခြုံပြောရရင်တော့ ဆူဟာတိုအလွန် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး အသွင်ကူးပြောင်းမှုက အံ့သြဖွယ်ရာ နှစ်သက်ဖွယ်ရာ အတိပါပဲ။ ခွဲထွက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့် တိုင်းပြည်က ပြိုကွဲပြီး တစစီ ပဲ့ထွက်မသွားသေးပါ။ လူများစု အင်ဒိုလူမျိုးတွေနဲ့ လူနည်းစုဖြစ်ပြီး ငွေကြေးအင်အား တောင့်တင်းတဲ့ တရုတ်လူမျိုးတွေကြား ရံဖန်ရံခါ တင်းမာတတ်တဲ့ ဆက်ဆံရေးကလည်း “ပြတ်” ထွက်သွားတဲ့ အဆင့်ကိုတော့ မရောက်သေးပါ။ လူများစု မွတ်ဆလင်တွေကလည်း အစွန်းရောက်ပြီး ရယ်ဒီကယ် ဖြစ်မသွားကြသေးဘူးလို့ ယေဘုယျပြောနိုင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကနေ ဥပမာအဖြစ် ပြနေတာကတော့ တိုင်းရင်းသား လူမျိုးစုံမှီတင်း နေထိုင်ကြပြီး ဘာသာပေါင်းစုံကို ကိုးကွယ်နေကြတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖြည်းဖြည်းချင်း တိုးမြှင့်လုပ်ဆောင်သွားကြမယ် ဆိုရင်၊ အပေးအယူ လုပ်မှုတွေကို အီလစ်တွေကပဲ ဦးဆောင်သွားကြမယ်ဆိုရင် နိုင်ငံရေးအရ ကြီးကြီးမားမား စိတ်ဝမ်းကွဲပြားတာ မဖြစ်အောင် တားမြစ်နိုင်ပါလိမ့်မယ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုဆီ ဦးတည်သွားပါလိမ့်မယ်။ အချိန် ကြာလာတာနဲ့အမျှ ဒီမိုကရေစီကလည်း အခြေခိုင်သွားပါလိမ့်မယ် ဆိုတာပါပဲ။ နိုင်ငံရေးမှာ စစ်ဗိုလ်ချုပ်ကြီးတွေ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍကို အကြီးအကျယ် မလျှော့ချ နိုင်သေးဘူး ဆိုရင်တောင်မှပဲ သူတို့က စစ်အာဏာသိမ်းမှု မလုပ်ဖို့ လက်ရှောင်သွားပါပြီ။ ဒါတင်မကသေးဘဲ ဒီမိုကရေစီနည်းကျ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးနဲ့ အနည်းနဲ့အများ လိုက်လျောညီထွေဖြစ်တဲ့ အနေအထားမျိုးကို တဖြည်းဖြည်းချင်း လက်ခံလာကြပါတယ်။ အပြစ်ပြောစရာလေးတွေ နည်းနည်းပါးပါး ရှိနေဦးမယ်ဆိုရင်တောင် အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးတွေ လက်ခံထားတဲ့ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးက ဒီမိုကရေစီနဲ့ ကိုက်ညီလာပါတယ်။ အရပ်သား နိုင်ငံရေးသမား ဂျိုကိုဝီဒိုဒိုကို အာဏာရစေခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ သမ္မတ ရွေးကောက်ပွဲတွေဟာ ဒီအကဲဖြတ်ချက် မှန်ကန်ကြောင်း ထောက်ခံခဲ့တာပါပဲ။ ၂၀၁၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွေ နောက်ပိုင်းမှာ အင်ဒိုနီးရှား စစ်တပ်က ဘာမှဝင်မစွက်ဘဲ ၎င်းရဲ့ နိုင်ငံရေးအနေအထား အသစ်မှာ တည်တည်တံ့တံ့ နေခြင်းအားဖြင့် အဆိုပါ အကဲဖြတ်ချက် မှန်ကန်ကြောင်း ပိုပြီးတော့ ထင်ထင်ရှားရှား ပြသလိုက်တာပါပဲ။
ရှောင်ရန်၊ ဆောင်ရန်
စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုမှာ အက်ကွဲကြောင်းတွေ ပေါ်လာပြီဆိုတာနဲ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေ လုပ်ရမယ့် အရေးအကြီးဆုံး တာဝန်က နိုင်ငံရေးကနေ စစ်တပ် ထွက်ခွာသွားနိုင်မယ့် လမ်းကြောင်းကို ဖော်ဆောင်ပေးဖို့ပါ။ စီးပွားရေးကို ကြီးကြပ်စီမံခဲ့တဲ့ တာဝန်ကို စစ်တပ်က ယူခဲ့တယ်ဆိုရင် ဒါမှမဟုတ် စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်ခဲ့တယ်ဆိုရင် စီးပွားရေးကဏ္ဍကနေပါ စစ်တပ်ကို ဖယ်ရှားသင့်ပါတယ်။ ဒီမိုကရေစီ နည်းကျတဲ့ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး အတွက်ဆိုရင် အင်စတီကျူးရှင်း မူဘောင်အသစ်ကိုပါ တည်ထောင်ရပါမယ်။ စစ်တပ်အပေါ် အရပ်သား ချုပ်ကိုင်မှုကို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင် ၂ ဖက်အကြား ဟန်ချက်ညီအောင် ပေးထားတာကို အဲဒီမူဘောင် အသစ်ထဲမှာ ထည့်သွင်းရေးဆွဲ ထားသင့်ပါတယ်။
နိုင်ငံရေးအခြေအနေအပေါ် မကျေမနပ်ဖြစ်နေတဲ့ တပ်တွင်း တချို့အုပ်စုတွေက အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ၊ နိုင်ငံရေးမှာ ကြားဝင်စွက်ဖက်မှုတွေ၊ တပ်တွင်း ပုန်ကန်မှုတွေကို အသွင်ကူးပြောင်းရေး ကာလအတွင်း လုပ်လာနိုင်တာကြောင့် ဆင်ခြင်တုံတရားရှိတဲ့ ဒီမိုကရေစီသမားတွေက ပြင်ဆင်ထားသင့်ပါတယ်။ နိုင်ငံရေးလောကမှာ ဗိုလ်ချုပ်ကြီးတွေက အထက်စီး နေရာယူထားတဲ့ နိုင်ငံတွေမှာတော့ တက်လာတဲ့ အစိုးရသစ်ဆီကနေ အလျှော့ပေး လိုက်လျောမှုတွေကို သူတို့က ဆက်ပြီး လိုချင်သေးတာပါပဲ။ ဥပမာ နိုင်ငံရေးမှာ ပြောရေးဆိုခွင့် (အထူးသဖြင့် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေ ချမှတ်ဖော်ဆောင်ရာမှာ)၊ အတိတ်က ကျူးလွန်ခဲ့တဲ့ မှားယွင်းမှုတွေ၊ ကျူးလွန်မှုတွေကို အရေးမယူခြင်း ပြစ်ဒဏ်မခတ်ခြင်း၊ စစ်တပ်လုပ်ငန်းပိုင်းမှာ လွတ်လပ်စွာ ဆုံးဖြတ်ချက် ချပိုင်ခွင့်၊ စစ်တပ်ဘတ်ဂျက်ကို ကြီးကြီးမားမား ရယူခွင့်နဲ့ လွတ်လပ်စွာ ခွဲဝေသုံးစွဲပိုင်ခွင့်တွေ ဖြစ်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင် အဆင်ပြေ ချောမွေ့သွားအောင် အကြီးအကျယ် ပံ့ပိုးပေးခဲ့တဲ့ အချက်တခုကတော့ မိမိကိုယ်တိုင် စိတ်ဓတ်ခွန်အား အပြည့်ရှိပြီး တခြားသူတွေကိုပါ စိတ်ဓတ်ခွန်အားပေးနိုင်တဲ့ ခေါင်းဆောင်မှုပါ။ အခုဆောင်းပါးထဲမှာ တင်ပြထားတဲ့ နိုင်ငံ ၃ ခုထဲမှာ ၂ ခုဖြစ်တဲ့ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့က ကင်ယုံဆမ်းနဲ့ ချွမ်လိပိုင်တို့လို ပဲ့ကိုင်ရှင် ခေါင်းဆောင် ကောင်းကောာင်းတွေ ရနိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ အမြော်အမြင် ပြည့်စုံအားကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မရှိ (လူမှုစီးပွား အခြေအနေကလည်း ကိုရီးယားလောက် မကောင်း) ခဲ့ပေမယ့် အဆုံးအဖြတ်ပေးသူ နေရာကိုရောက်နေတဲ့ နိုင်ငံရေးသမားတွေက သူတို့နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်နိုင်ခြေတွေနဲ့ အကန့်အသတ်တွေကို နားလည်ခဲ့တာကြောင့် ဒီမိုကရေစီခရီးက ရှေ့ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ေ၀၀ါးမနေဘဲ ရှင်းလင်းပြတ်သားနေတဲ့ အင်စီတီကျူးရှင်း မူဘောင်တွေကို တည်ဆောက်ခြင်းနဲ့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံရေး ၀န်းကျင်တခုကို စစ်တပ်အတွက် ချပေးနိုင်ခြင်း ဆိုတာတွေက ဒီမိုကရေစီ ဖော်ဆောင်သူတွေအတွက် အဓိက ရည်မှန်းချက်တွေ ဖြစ်သင့်ပါတယ်။ အမိန့်အာဏာ စီးဆင်းပုံစနစ်က တိုင်းပြည်အေးချမ်းတဲ့ အချိန်မှာဘယ်လို၊ စစ်မက်ဖြစ်ပွားတဲ့ အချိန်မှာဘယ်လို၊ နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေမှာ ဘယ်လို ရှိမယ်ဆိုတာ အခြေခံဥပဒေက ရှင်းရှင်းလင်းလင်း ပြဌာန်းပေးထား သင့်ပါတယ်။ တာဝန်ထမ်းဆောင်ဆဲ စစ်သားတွေ၊ အရန် စစ်သားတွေနဲ့ အငြိမ်းစား စစ်သားတွေအဖို့ အများလက်ခံနိုင်တဲ့ နည်းလမ်းတွေနဲ့ ပါဝင်နိုင်မယ့် နိုင်ငံရေးလှုပ်ရှားမှုတွေက ဘယ်လိုဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားရပါမယ်။ ဆိုလိုတာကတော့ မဲပေးနိုင်ခွင့်၊ နိုင်ငံရေးပါတီတွေကို ၀င်ရောက် အမှုထမ်းနိုင်ခွင့်၊ နိုင်ငံရေး စီတန်းလှည့်လည်ပွဲတွေမှာ စစ်ယူနီဖောင်းနဲ့ ပါဝင်ခွင့် တက်ရောက်ခွင့်၊ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်အရွေးခံခွင့် ရှိ မရှိဆိုတာတွေပါ။ လက်ခံနိုင်ဖွယ်ရာ ရှိတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း ထိန်းကွပ် ကြပ်မတ်ပေးရပါမယ်။ လိုက်နာခြင်း မရှိလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကလည်း အားလုံးတပြေးညီ ဖြစ်ရပါမယ်။ ပွင့်လင်းမြင်သာမှုရှိရင် စိတ်လုံခြုံမှု ရှိလာစေပါတယ်။ ယုံကြည်မှုကို တည်ဆောက် ပေးပါတယ်။ ကောလာဟလတွေ အကောက်ကြံတာတွေ မပြန့်ပွားသွားအောင်လည်း တားဆီးပေးပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဇိုလ်တန် ဘာရာနီ (Zoltan Barany) သည် တက္ကဆပ်တက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ လေ့လာမှုဌာနတွင် Frank C. Erwin, Jr. Centennial Professor ဖြစ်သည်။ The Soldier and the Changing State: Building Democratic Armies in Africa, Asia, Europe, and the Americas အပါအဝင် စာအုပ်များ ရေးသားခဲ့သည်။ ယခုဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ အဖွဲ့အကြောင်း ပိုမိုသိရှိလိုပါက www.eduinitiatives.org သို့ ဝင်ရောက်လေ့လာနိုင်သည်။
http://burma.irrawaddy.org/opinion/viewpoint/2015/06/20/76685.html

Comments
Post a Comment